ငလျင်ကြောပေါ်မှ စာသင်ခန်းများ။

” ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း…”

ကလေးငယ် ၄ ဦး ၎င်းတို့၏ ဆရာမထံ စာအံရွတ်ဖတ်နေသည့် အသံကို ​နားထဲကြားခဲ့ရသည်။ ဤသည်မှာ ငလျင်ကြီးအလွန် ၅ လပြည့်သည့် ယနေ့တွင် IBEC ယာယီစာသင်ဆောင်၏ စာသင်ခန်းမှ ပေါ်ထွက်လာသော ကဗျာရွတ်သံဖြစ်ပေသည်။

ငလျင်ကြောပေါ်မှ စာသင်ခန်းများ

IBEC ကျောင်းတော်ကြီးမှ တချို့ကျောင်းသား၊ ကျောင်းသူများ ၎င်းတို့၏ ယမန်နှစ်က ပုခုံးဖက်ပေါင်းခဲ့ကြသည့် သူငယ်ချင်းတချို့ ငလျင်ကြီးကြောင့် လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့သည်မှာ ယနေ့ဆိုလျှင် ၅ လပြည့်ခဲ့လေပြီ။ ပြင်းထန်လှသော ငလျင်ကြီးကြောင့် ယမန်နှစ်က ပညာသင်ကြားခဲ့ရသော စာသင်ခန်းလေးအစား IBEC ဆရာတော်ဘုရားမှ အရေးပေါ်ဆောက်လုပ်ပေးခဲ့သော စာသင်ဆောင်များထဲတွင် ငလျင်အလွန်၊ စိတ်သစ် လူသစ်၊ စာသင်ခန်းအသစ်၊ သင်ခန်းစာအသစ်များကို သင်ကြားနေကြရပေသည်။

” ပညာသင်ကြားမှုသည် မည်သည့်အကြောင်းအချက်များကြောင့် ရပ်တန့်လို့မရ” ဆိုသည်ကို သိရှိသည့် IBEC ဆရာတော်ဘုရားမှ ဉာဏ်အမြော်အမြင်ကြီးကြီးဖြင့် အရေးပေါ်စာသင်ဆောင်များ တည်ဆောက်စေလျက် ကလေးငယ်များအား ဆက်လက်ပညာသင်ကြားစေခဲ့သည်။

ထို့အပြင်အချို့သော ကျောင်းသားမိဘ၊ အချို့သော ကလေးငယ်များကိုလည်း ငလျင်အလွန်ကြောက်စိတ်များမရှိစေရေးအတွက် နှစ်သိမ့်ဆွေးနွေးခြင်း (Educational Counseling) ကိုလည်း IBEC ဆရာတော်ဘုရားမှ ဆောင်ရွက်ပေးခဲ့လေသည်။ ကလေးငယ်များအတွက် ဘေးအန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေးကို အထူးအလေးပေးလျက် ခိုင်ခန့်မှုရှိသည့် အဆောက်အဦး အရိပ်အာဝါသအောက်တွင် ပညာသင်ယူစေသည်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရပေသည်။

” သားတို့ကတော့ ပျော်ပါတယ် ဆရာကြီးရယ်၊ သူငယ်ချင်းအချို့မရှိတော့ပေမယ့် ဒီလို သားတို့ကြောက်စရာမလိုတဲ့ အတန်းတွေထဲမှာ စာသင်ရလို့၊ ဆော့ခွင့်ရလို့လည်း.ဘုန်းဘုန်းကို ကျေးဇူးတင်ပါတယ်၊ သား အတန်းထဲမှာလည်း အဆင့် ၁ ရအောင် ကြိုးစားမှာပါ ဆရာကြီး၊ သား ကတိပေးပါတယ် ” ဟူ၍ Grade – 6 မှ ကျောင်းသားတစ်ဦးရဲ့ စကားသံကိုလည်းစာရေးသူ ကြားသိခွင့်ရခဲ့ပေသည်။

အကြီးစားပြန်လည်ပြုပြင်နေရသည့် IBEC ကျောင်းတော်ကြီး၏ အဆောက်အဦးများ၊ စာသင်ခန်းများသည်လည်း အကောင်းမွန်ဆုံးပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် အနည်းဆုံးနှစ်နဲ့ချီပြီး ကြာမြင့်မည်ဖြစ်ပေသည်။ ယမန်နှစ်က ဖွင့်လှစ်ခဲ့သော IBEC ဘ/က ပညာရေး၊ IBEC ကိုယ်ပိုင်အထက်တန်းကျောင်း၊ IBEC Special Class အစရှိသည့် အခြေခံပညာသင်ကြားမှုများသည်လည်း သဘာဝဘေးအန္တရာယ်၊ လူလုပ်ဘေးအန္တရာယ်များကြားထဲ စိန်ခေါ်မှုများ အင်မတန်မြင့်မားသည့်တိုင် IBEC မူအတိုင်း အရှိန်အဟုန်မပြတ် ဆက်လက်လည်ပတ်လျက်ရှိပေသည်။

ထို့အပြင် IBEC ကျောင်းတော်ကြီး၏ အဆင့်မြင့်ပညာကဏ္ဍဖြစ်သော IBEC ဗုဒ္ဓတက္ကသိုလ်သည်လည်း ငလျင်ဒဏ်ကို အံတုလျက် ယခုပညာသင်နှစ်တွင် ပါရဂူတန်းအထိပါ တိုးမြှင့်ဖွင့်လှစ်သင်ကြားလျက်ရှိပေသည်။

ဆိုလိုသည်မှာ IBEC ဆရာတော် နှင့် IBEC ကျောင်းတော်ကြီးတို့သည် မည်သို့ပင်စိန်ခေါ်မှုများရှိပါစေ၊ မိမိဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် လည်ပတ်ဆောင်ရွက်လျက်ရှိသည်။

ပညာသင်နှစ်မစတင်မီကလည်း ငလျင်ဘေးဒဏ်သင့် ရဟန်းရှင်လူပြည်သူထောင်ပေါင်းများစွာကို အကူအညီပေါင်း ရာနှင့်ချီ၍ ကူညီထောက်ပံ့ဆောင်ရွက်ပေးခဲ့သည်ကိုလည်း စာရှုသူတို့ ​မြင်တွေ့ခဲ့ရပေသည်။ ယခုထက်ထိလည်း ရဟန်းရှင်လူမိဘပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကူညီထောက်ပံ့ဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပေသည်။

၂၀၂၅ ခုနှစ်၊ မတ် လ ၂၈ ရက်နေ့တွင် အင်အား ၇.၇ ရစ်ချ်တာစကေးဖြင့် လှုပ်ခဲ့သော ငလျင်ကြီးသည် ယနေ့တွင် ၅ လ ပြည့်တင်းခဲ့ပြီဖြစ်သည်။

IBEC ကျောင်းတော်ကြီးသည်လည်း စစ်ကိုင်းငလျင်ကြောကြီးပေါ် ဖင်ခုထိုင်လျက် သာသနာရေး၊ ပညာရေး၊ လူသားအကျိုးပြုလုပ်ငန်းများစွာကို IBEC ဆရာတော်ဘုရား၏ ဦးဆောင်မှုဖြင့် အရှိန်အဟုန်မပြတ်လည်ပတ်ဆောင်ရွက်လျက်ရှိပေသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူမျှော်မှန်းချက်မှာ ဤငလျင်ကြောပေါ်မှ စာသင်ခန်းများအတွင်း နောင်တစ်ချိန် နိုင်ငံကိုအကျိုးပြုနိုင်စွမ်းမြင့်မားသော တတ်သိပညာရှင်များစွာ ပေါ်ထွန်းလာလိမ့်မည်ဟု ယုံကြည်လျက် ၂၀၂၅ ငလျင် (၅) လပြည့် အထူးဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါသည်။

  • ဖြိုးသာကျော်
    သြဂုတ် လ ၂၈ ရက်၊ နေ့လယ် ၁၂:၅၁ မိနစ်။