” လှပမြိုင်ဆိုင် လ တန်ဆောင်တိုင် ကထိန်သင်္ကန်း တို့လှူဒါန်း”

ဝဿန်ရာသီအကုန် ဟေမာန်ရာသီအစ မြန်မာပြက္ခဒိန်၏ အဌမမြောက်လ ထူးခြားလှပသော တန်ဆောင်မုန်းလ ပွဲတော်ဖြစ်သည့် ကထိန်ပွဲတော်အား မြန်မာ့ရိုးရာအစဥ်အလာမပျက် IBEC ကျောင်းတိုက်ကြီးတွင် (၁၈) ကြိမ်မြောက်အဖြစ် အောင်မြင်စွာဆင်ယင်ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

” ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန် ” ဆိုသည့်အတိုင်း ကထိန စီဝရံ ကထိန်သင်္ကန်းမှာ အမွန်မြတ်လှဆုံးသော သင်္ကန်းဖြစ်ပေသည်။ ၁၃၈၇ ခုနှစ်၊ IBEC ကျောင်းတော်ကြီး၏ စုပေါင်းမဟာဘုံကထိန်အား ယနေ့ တန်ဆောင်မုန်းလဆန်း (၉) ရက်နေ့တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်မိသားစု နှင့်အတူ IBEC Education Development ကုမ္မဏီလိမိတက်၊ IBEC Headquarters၊IBEC Buddhist University၊ IBEC Private High School၊ IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အစရှိသည်တို့မှ အရာထမ်း၊အမှုထမ်းဝန်ထမ်းများ၊ ကျောင်းသား/သူ များ၊ IBEC မိသားစုဝင်များ က ပေါင်းစုကာ လှူဒါန်းပူဇော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဦးဆောင်သော ပညာရေးတက္ကသိုလ် မိသားစုတို့မှ မတည်လှူဒါန်း၍ IBEC မိသားစုဝင်များက မိမိချွေးနှဲစာများဖြင့် စုပေါင်းလှူဒါန်းဆောင်ရွက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် ကထိန်အလှူတော်မင်္ဂလာအား IBEC ဆရာတော်ဘုရား၊ နာယကဆရာတော်ဘုရားများ၊ IBEC ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခဆရာတော်များ မှ ဦးဆောင်၍ ကထိန်အလှူတော်အား ရေစက်သွန်းချအမျှပေးဝေပေးခဲ့လေသည်။

ယခုအခါ (၁၈) ကြိမ်မြောက် IBEC ကထိန်အလှူတော်မင်္ဂလာအား အောင်မြင်စွာရေစက်ချလှူဒါန်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း သာဓုအမောဒနာခေါ်ဆိုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။